ကဗျာ

Sunday, September 12, 2010

ရင်ကိုယားစေသော စာလေးတစ်စောင်

ကျွန်တော်က လူတစ်မျိုး။
ချစ်သူခင်သူဆီကလာတဲ့ စာမျိုးဆိုရင် ဘယ်တော့မှ ပြီးစလွယ်မဖတ်တတ်။
ကျကျနနခံစားပြီးမှ ဖတ်တတ်သည်။ အချိန်မပေးနိုင်ရင် မဖတ်။
သူတောင် အချိန်ပေးပြီး ကိုယ့်ဆီကို တကူးတက စာရေးသေးတာပဲ။
ကိုယ်က သူ့လိုတောင် လက်ညောင်းခံပြီး စာရေးရတာမျိုးမဟုတ်။
မျက်လုံးနဲ့ (တိတိပပပြောရရင် ရင်ဘတ်နဲ့) ဖတ်တာလောက်တော့ အချိန်ပေးသင့်သည်။ ခံစားနားလည်ပေးသင့်သည်။
ဒါမှလည်း မျှမျှတတ ဖြစ်တော့မယ်ပေါ့။

တစ်နေ့ ကျောင်းကအပြန် စာတိုက်ဝင်ကြည့်တော့ ကျွန်တော့်စာ ပါလာသည်။
ပျော်လိုက်သည့်ဖြစ်ခြင်း။ ချက်ခြင်းဖေါက်ဖတ်ချင်စိတ်ကို မြိုသိပ်ကာ
စာကို တယုတယ အိတ်ထဲထည့်ပြီး ပြန်လာခဲ့သည်။
အခန်းရောက်လို့ အ၀တ်အစားလဲ၊ တိုလီထွာလီလေးတွေလုပ်ပြီး၊
စိတ်ရှင်းသွားတော့မှ စာကို အေးအေးဆေးဆေး ဖေါက်ဖတ်ဖြစ်သည်။
ရေးသည့်သူက ခံစားချက်ပါပါ ရေးလိုက်သည့်အတွက်လားတော့မသိ၊
စာအိတ်ဖေါက်နေရင်းနှင့်ပင် ကျွန်တော့်ရင်တွေ တဒိတ်ဒိတ်ခုန်လာသည်။
(ကျွန်တော် ကော်ဖီမကြိုက်တတ်ပါ။)

စာထဲကအကြောင်းအရာလေးတွေကို ဖတ်ရင်းနဲ့
ရင်ထဲမှာ ယားကျိကျိဖြစ်လာတယ်။
စာဖတ်သူကို ယားကျိကျိတောင် ခံစားစေတယ်ဆိုတော့
တော်တော့်ကို ဆွဲဆောင်မှုကောင်းတဲ့ စာလေးပေါ့။
သူ့စာထဲမှာ ဘယ်လောက်တောင် နစ်မျောသွားသည်မသိ၊ နောက်တော့ လက်တွေပါ ယားလာတာ။ တစ်ကိုယ်လုံးကို ယားလာတော့တာပါပဲ။
နောက်ဆုံးမှာတော့ ဘယ်လိုမှ မနေနိုင်လို့ ရေပြေးချိုးလိုက်ရတော့တယ်။
စာထဲက တစ်ယောက်သောသူရဲ့ခံစားချက်တွေအပေါ်
အဲလောက်ထိ နင့်နင့်သည်းသည်း ခံစားနားလည်ပေးမိတာ ကျွန်တော်မလွန်ပါဘူးနော်။
ရေချိုးပြီး၊ စာလေးကို သေချာဖတ်ကြည့်တော့မှ
အောက်ဆုံးက မှတ်ချက်ကို သတိထားမိသွားသည်။
"ခွေးလျားသီးမှုန့်ပါသည်" တဲ့လေ။

No comments:

မြန်မာတို့အတွက် myanmar music မြန်မာတံဆိပ်ခေါင်း ရွှေအိမ်မက် myanmar vcd myanmarcelebrity